21
Dec

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ထင်းအစား အခြားလောင်စာ တိုးမြှင့်သုံးစွဲခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ တိုးချဲ့ပညာပေးခြင်းသင်တန်းအမှတ်စဉ်(၁) ဖွင့်လှစ်ခြင်း

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေးလုပ်ငန်းစဉ်ကြီး (၄)ရပ်ဖြစ်သည့် စ.ထ.ထ.ရ လုပ်ငန်းများကို ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည် ဖော်ဆောင်ရွက်သွားနိုင်ရေး အစီအစဉ်အဖြစ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနရှိ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိများကို ထင်းအစား အခြားလောင်စာ တိုးမြှင့်သုံးစားခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ တိုးချဲ့ပညာပေးခြင်း သင်တန်း အမှတ်စဉ်(၁)အား ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအား ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက်နေ့ နံနက် (၀၈း၃၀)နာရီတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ အစည်းအဝေး ခန်းမ၌ကျင်းပရာ ညွှန်ကြားရေးမှူးချုပ်မှ သင်တန်း အဖွင့်မိန့်ခွန်း ပြောကြားကာ သင်တန်းကို တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါသည်။

သင်တန်းတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနရှိ လက်ထောက်ညွှန်ကြားရေးမှူး နှင့် ဦးစီးအရာရှိများအနက် စစ်ကိုင်းတိုင်းဒေသကြီးမှ သင်တန်းသား (၈)ဦး၊ မကွေးတိုင်းဒေသကြီး မှ သင်တန်းသား (၁၀)ဦးနှင့် မန္တလေးတိုင်းဒေသကြီးမှ သင်တန်းသား (၁၀)ဦး၊ စုစုပေါင်း(၂၈)ဦး တက်ရောက်ပါသည်။ သင်တန်းကာလမှာ (၂၀-၁၂-၂၀၁၇) ရက်နေ့မှ (၂၂-၁၂-၂၀၁၇) ရက်နေ့အထိ (၃)ရက်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းကာလတွင်  သင်တန်းသားများမှ လက်တွေ့ဟောပြော ဆောင်ရွက်မှု ပုံစံအတိုင်း  ရှင်းလင်းတင်ပြခြင်း၊ တိုးချဲ့ပညာပေးခြင်း သဘောတရားနှင့် လူထု ဆက်သွယ်နည်းပညာ(CFDTC)၊ ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်သော သုံးသပ်ဆန်းစစ်အကဲဖြတ်ခြင်းနည်းစနစ် (PRA Tools) နှင့် ပြည်သူ့ဆက်ဆံရေးဘာသာရပ်များအား ဆွေးနွေးသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။