နောက်ခံသမိုင်း

  • Home
  • /
  • နောက်ခံသမိုင်း

နောက်ခံသမိုင်း

မြန်မာနိုင်ငံအလယ်ပိုင်း၊ အပူပိုင်းမိုးနည်းဒေသ၏ သဘာဝပပတ်ဝန်းကျင် အခြေအနေ များနှင့် ဒေသခံပြည်သူတို့၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက် ကောင်းမွန်လာစေရန်ရည်ရွယ်ချက် ဖြင့် ၁၉၅၃-၁၉၅၄ ဘဏ္ဍာနှစ်တွင် မြေယာကျေးလက် တိုးတက်ကြီးပွားရေးကော်ပိုရေးရှင်း (မြေ၊ ကျေး၊ ရှင်း) ကို သစ်တောဌာနမှ အမှုထမ်း၊ အရာထမ်းအချို့အား လွှဲပြောင်းရယူ၍ စတင်ဖွဲ့စည်းခဲ့ပြီး အပူပိုင်း ဒေသ သစ်တောများ ပြန်လည်ပြုစုပျိုးထောင်ခြင်းလုပ်ငန်းအား မိတ္ထီလာ သစ်တောခရိုင်တွင်သာ အများ ဆုံး ဆောင်ရွက်ခဲ့ပါသည်။ အထူးသဖြင့် ပုပ္ပါးတောင် ရေဝေရေလဲသစ်တောများ ပြန်လည်ထူထောင်ခြင်း၊ ကျေးရွာသစ်တောများနှင့် စံပြသစ်တောများကို ဦးစားပေး၍ တည်ထောင်ခြင်းများကို (၁၉၆၂-၁၉၆၃) ဘဏ္ဍာနှစ်အထိ (၁၀) နှစ်ကြာ ဆောင်ရွက်ခဲ့ပါသည်။

၁၉၆၃ ခုနှစ်နောက်ပိုင်းတွင် သစ်တောဦးစီးဌာနမှ ပြန်လည်လွှဲပြောင်း တာဝန်ယူဆောင် ရွက်ခဲ့ပြီး (၁၉၆၃-၁၉၆၄) မှ (၁၉၇၂-၁၉၇၃) ဘဏ္ဍာနှစ်အထိ (၁၀) နှစ်တာကာလအား ပထမစီမံကိန်း ကာလအဖြစ်လည်းကောင်း၊ (၁၉၇၂-၁၉၇၃) မှ (၁၉၈၁-၁၉၈၂) ဘဏ္ဍာနှစ်အထိ (၁၀) နှစ်တာကာလအား ဒုတိယ စီမံကိန်းကာလ အဖြစ်လည်းကောင်း သတ်မှတ်၍ ရမည်းသင်း၊ မိတ္ထီလာ၊ မန္တလေး-မေမြို့၊ ရွှေဘို၊ အောက်ချင်းတွင်း၊ ယော၊ မင်းဘူး၊ သရက်နှင့် အောင်လံ သစ်တောခရိုင်များတွင် စီမံကိန်းများကို စနစ် တကျ ရေးဆွဲကာ လုပ်ငန်းမျာအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၈၂ ခုနှစ်နောက်ပိုင်းတွင် သစ်တောဦးစီးဌာန၏ ဖွဲ့စည်းပုံအရ ခရိုင်အဆင့်များ ဖျက်သိမ်းပြင်ဆင်ခဲ့ခြင်း၊ ဝန်ထမ်းအင်အား မလုံ လောက်ခြင်း၊ စနစ်တကျဆောင်ရွက်ရန် အခက်အခဲများ ကြုံတွေ့ခဲ့ရခြင်းတို့ကြောင့် အပူပိုင်းဒေသစိမ်း လန်းစိုပြည်ရေး လုပ်ငန်းများကို အတိုင်းအတာတစ်ခုအထိသာ ဆောင်ရွက်နိုင်ခဲ့ပါသည်။

၁၉၉၄-၁၉၉၅ ဘဏ္ဍာနှစ်တွင် အထူး‌ဒေသ ကိုးခရိုင်စိမ်းလန်းစိုပြည်ရေးစီမံကိန်း ချမှတ်၍ စစ်ကိုင်း၊ မုံရွာ၊ မြင်းခြံ၊ မိတ္ထီလာ၊ ရမည်းသင်း၊ ပခုက္ကူ၊ မကွေး၊ မင်းဘူးနှင့် သရက်ခရိုင်တို့တွင် စမ်းသပ် ကာလအဖြစ် (၃) နှစ်တာကာလအတွင်း သစ်ပင်စိုက်ခြင်း၊ သဘာဝသစ်တောများ ထိန်းသိမ်းခြင်း၊ ရေအ ရင်းအမြစ်ဖော်ထုတ်၍ စနစ်တကျ သုံးစွဲစေခြင်းတို့အပြင် ဒေသခံပြည်သူတို့အား တိုးချဲ့ပညာပေးရေး အစီအစဉ်များကို ဆောင်ရွက်ခဲ့ပါသည်။ ၁၉၉၅-၁၉၉၆ ဘဏ္ဍာနှစ်တွင် ညောင်ဦးနှင့် ရွှေဘိုခရိုင်တို့ တိုးချဲ့ ပါဝင်လာခဲ့ပါသည်။ ၁၉၉၆-၁၉၉၇ ဘဏ္ဍာနှစ်မှ စတင်၍ အထူးဒေသ ကိုးခရိုင်တွင် ပါဝင်သော မြင်းခြံ ခရိုင်၌ ရေဝေတောင်တန်းများ စိမ်းလန်းစိုပြည်ရေးအတွက် အထူးလုပ်ငန်း စီမံကိန်းအဖြစ် ကြိုးပြင် ကာကွယ်တောများ ဖွဲ့စည်းတည်ထောင်ခြင်း၊ ရေဝေရေလဲသစ်တောများ ထိန်းသိမ်းကာကွယ်ခြင်း၊သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ ဆည်ငယ်ကန်ငယ် တည်ဆောက်ခြင်းလုပ်ငန်းများ၊ ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင်သစ်တောများ တည်ထောင်ခြင်းနှင့် တိုးချဲ့ပညာပေးခြင်းလုပ်ငန်းများကိုပါ တွဲဖက် ဆောင်ရွက်ခဲ့ပါသည်။

မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများအား အထူး  အလေးပေး ကြိုးပမ်းဆောင်ရွက်နိုင်ရန်အတွက် သစ်တောရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်စွဲပါ စာအမှတ်၊ ၁/၁၈၀ (က) (၆)/ (၆၂၀/၉၇) ဖြင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနကို စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၇ ခုနှစ်၊ စက်တင်ဘာလ(၁၈) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့၌ ညွှန်ကြားရေးမှူးချုပ်ရုံးကို ဖွင့်လှစ်ခဲ့ပါသည်။ ဌာနဖွဲ့စည်းဆောင်ရွက်မှုအဖြစ် စစ်ကိုင်း တိုင်းဒေသကြီးတွင် (၃) ခရိုင်၊ (၂၀) မြို့နယ်၊ မကွေးတိုင်းဒေသကြီးတွင် (၅) ခရိုင်၊ (၂၄) မြို့နယ်၊ မန္တလေး တိုင်းဒေသကြီးတွင် (၅) ခရိုင်၊ (၁၃) မြို့နယ်တို့ဖြင့်၊ စုစုပေါင်းခရိုင် (၁၃) ခရိုင်၊ မြို့နယ် (၅၇) မြို့နယ်အနေ ဖြင့်် စတင်ဖွဲ့စည်း​ဆောင်ရွက်ခဲ့ပါသည်။

၂၀၀၀-၂၀၀၁ ဘဏ္ဍာနှစ်တွင် မကွေးတိုင်း‌ဒေသကြီးရှိ ဂန့်ဂေါခရိုင် (ဂန့်ဂေါ၊ ထီးလင်း၊ ဆော) (၃) မြို့နယ်အား ချန်လှပ်၍ (၁၂) ခရိုင်၊ (၅၄)  မြို့နယ်၊ ဧရိယာ အကျယ်အဝန်း(၂၀.၁၇) ဧကသန်း ဖြင့် ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏(၁၉-၆-၂၀၁၃) ရက်စွဲပါ စာအမှတ်၊ ၂၀၀/၂၁-၇၉/ ဦး (၁) ၉၃၅၈ အရ စစ်ကိုင်းတိုင်းဒေသကြီးရှိ ယင်းမာပင်၊ ဆားလင်းကြီး၊ ပုလဲနှင့် ကနီ မြို့နယ်များကို ယင်းမာပင်ခရိုင်အဖြစ်လည်းကောင်း၊ (၁၅-၁-၂၀၁၄) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၁/၂၀၁၄) အရ ကျောက်ပန်းတောင်းမြို့နယ်အား ညောင်ဦးခရိုင် အတွင်းသို့ ထည့်သွင်းပြင်ဆင်ဖွဲ့စည်း ခြင်းကြောင့် လည်းကောင်း၊ ရမည်းသင်းခရိုင်အတွင်းရှိ တပ်ကုန်းမြို့နယ်အား ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းသို့ ထည့်သွင်းဖွဲ့စည်းခဲ့ခြင်းကြောင့် လည်းကောင်း လက်ရှိတွင် အပူပိုင်းဒေသစိမ်း လန်းစိုပြည်ရေးဦးစီးဌာနအား တိုင်းဒေသကြီး (၃) ခု၊ ခရိုင်(၁၃) ခရိုင်၊ မြို့နယ်​ပေါင်း (၅၃) မြို့နယ်၊ ဧရိယာ အကျယ်အဝန်းစုစုပေါင်း (၁၉.၅၃) ဧကသန်းဖြင့် ပြန်လည်ဖွဲ့စည်းသတ်မှတ်ခဲ့ပြီး လုပ်ငန်းများ ကို အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိပါသည်။

ပြည်ထောင်စုဝန်ကြီးရုံး၏ (၇-၉-၂၀၁၁) ရက်စွဲပါစာ အမှတ်၊ ၃/၂၇၀ (ဆ) (ထွေ)/ ၁၂၁၄/ ၂၀၁၁ ဖြင့် သစ်တောရေးရာဝန်ကြီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဟု အမည်ပြောင်းလဲ သုံးစွဲခဲ့ပါသည်။ ဆက်လက်၍ နိုင်ငံတော်သမ္မတရုံး၏ (၃၀-၃-၂၀၁၆) ရက်စွဲပါ ကြေ ငြာချက် အမှတ် (၁/ ၂၀၁၆) ဖြင့် ပြည်ထောင်စုအစိုးရ ဖွဲ့စည်းခြင်းအရ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန အမည်မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အမည်ဖြင့် (၁-၄-၂၀၁၆) ရက်နေ့မှစ၍ ဝန်ကြီးဌာနအမည် ပြောင်းလဲသုံးစွဲခဲ့ပါသည်။

Dryzone