01
Apr

အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန၏ ဦးစီးရုံးချုပ်နှင့် တိုင်းဒေသကြီး တာဝန်ခံညွှန်ကြားရေးမှူးများ၊ ခရိုင်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူးများ၊ မြို့နယ်တာဝန်ခံ ဦးစီးအရာရှိများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပြုလုပ်ခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန၏ ဦးစီးရုံးချုပ်နှင့် တိုင်းဒေသကြီး တာဝန်ခံ ညွှန်ကြားရေးမှူးများ၊ ခရိုင်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူးများ၊ မြို့နယ်တာဝန်ခံ ဦးစီးအရာရှိများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို (၁-၄-၂၀၁၈)ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စန္ဒကူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအုန်းဝင်းမှ တက်ရောက် လမ်းညွှန်မှာကြားခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးမှ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနသည် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးနှင့် ဒေသခံလူထုလူမှုစီးပွားရေး အထောက်အကူပြု လုပ်ငန်းများဖြစ်သည့် စိုက်ခင်းတည်ထောင်ခြင်း၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း၊ ထင်းအစား အခြားလောင်စာတိုးမြှင့်သုံးစွဲခြင်းနှင့် ရေရရှိရေးအကောင်အထည်ဖော် ဆောင်ရွက်ခြင်း လုပ်ငန်းတာဝန်ကြီး(၄)ရပ်အပြင်  တောင်စဉ်တောင်တန်း အထူးစိမ်းလန်းစိုပြည်ရေးလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ ပြည်သူဗဟိုပြု သစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းများကို ၁၉၉၇ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ဌာနသက်တမ်း နှစ်(၂၀)ကျော်ရှိပြီး၊ အတွေ့အကြုံကောင်းများ ရရှိနေပြီဖြစ်၍ ဒေသနှင့် လူထုအတွက်များစွာ အကျိုးရှိစေသော ဖော်ပြပါလုပ်ငန်းများကို ဆထက်တပိုး ကြိုးပမ်းဆောင်ရွက်ရန်နှင့် နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံတော်ရဲ့ သယံဇာတအရင်းအမြစ်များကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ စနစ်တကျအကျိုးရှိစွာ အသုံးပြုရေး သားစဉ်မြေးဆက် ရေရှည်အကျိုးခံစားနိုင်အောင်  စီမံခန့်ခွဲရေးကို အလေးပေး ဆောင်ရွက်နေချိန် ဖြစ်တဲ့အတွက်  အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဌာနအတွက်လည်း အခွင့်အလမ်းကောင်းနှင့် အနာဂတ်ကောင်းများ ဆောင်ကျဉ်းနိုင်မယ့် အချိန်အခါကောင်း ဖြစ်ကြောင်း ထည့်သွင်းပြောကြား ပါသည်။

          ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီး(၃)ခု၏ တာဝန်ခံညွှန်ကြားရေးမှူးများမှ တိုင်းဒေသကြီးအလိုက် ဌာနလုပ်ငန်း ဆောင်ရွက်မှုများအပေါ် တင်ပြချက်များ၊ ဦးစီးရုံးချုပ်မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဌာနခွဲညွှန်ကြားရေးမှူးများမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၏ အားသာချက်/ အားနည်းချက်/ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းလျာထားချက်များအား ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးမှ သုံးသပ် လမ်းညွှန် ဆွေးနွေးပါသည်။

အလားတူ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၏ နှစ်(၂၀)ကာလ ၁၉၉၇-၂၀၁၇ လုပ်ငန်းဆောင်ရွက်မှုများအပေါ် ပြန်လည်သုံးသပ်ခြင်း ဆိုင်ရာဆွေးနွေးပွဲ “Seminar on Review of 20-years (1997-2017) Dry Zone Greening Department Activities”ကို ညွှန်ကြားရေးမှူးချုပ်ရုံး၊ စန္ဒကူးခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

                                                                                          အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန