21
Dec

“မြန်မာနိုင်ငံ အပူပိုင်းဒေသတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာဖူလုံရေးအပေါ် ထိခိုက် နိုင်မှုများကို ဖြေရှင်းနိုင်ရေး လုပ်ငန်းစီမံကိန်း” ၏ ပဉ္စမအကြိမ် စီမံကိန်း ကြီးကြပ်မှု ကော်မတီအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

မြန်မာနိုင်ငံအလယ်ပိုင်းအပူပိုင်းဒေသတွင် Global Environment Facility (GEF) -Adaptation Fund ၏ ရန်ပုံငွေဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနနှင့် UNDP တို့ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် “မြန်မာနိုင်ငံ အပူပိုင်းဒေသတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာဖူလုံရေးအပေါ် ထိခိုက် နိုင်မှုများကို ဖြေရှင်းနိုင်ရေး လုပ်ငန်းစီမံကိန်း”(Addressing Climate Change Risks on Water Resources and Food Security in the Dry Zone of Myanmar) ၏ ပဉ္စမအကြိမ် စီမံကိန်း ကြီးကြပ်မှု ကော်မတီအစည်းအဝေး (5th Project Steering Committee Meeting) ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စန္ဒကူးခန်းမတွင် ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် စီမံကိန်းကြီးကြပ်မှုကော်မတီ၏ ပူးတွဲဥက္ကဌများဖြစ်ကြသော အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင် နှင့် UNDP မှ Country Director, Mr. Peter Batchelor တို့မှ အဖွင့်အမှာစကားပြောကြားပြီးနောက် တက်ရောက်လာကြသော သက်ဆိုင်ရာဌာနများမှ ကော်မတီအဖွဲ့ဝင်များက စီမံကိန်းလုပ်ငန်းဆောင်ရွက်မည့် Annual Work Plan၊ Budget Plan၊ စီမံကိန်း​လုပ်ငန်းများ အကောင်အထည်​​ဖော်ဆောင်ရွက်မည့် အစီအစဉ်နှင့် Monitoring and Evaluation ကိစ္စရပ် များအား ညှိနှိုင်းဆွေးနွေးခြင်း၊ ဆုံးဖြတ်ချက်များ အတည်ပြုချမှတ်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

စီမံကိန်းကို ရာသီဥတုပြောင်းလဲမှုကြောင့်ခံစားနေရသော အခက်အခဲများကို ကူညီဖြေရှင်းနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရှိ စစ်ကိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ မြို့နယ် (၅) မြို့နယ် (မုံရွာ၊ ရွှေဘို၊ ချောက်၊ မြင်းခြံနှင့် ညောင်ဦးမြို့နယ်)ရှိ ကျေးရွာပေါင်း(၂၈၀) တွင် ဆောင်ရွက် ခြင်းဖြစ်ပြီး  စီမံကိန်း၏ အဓိကလုပ်ငန်းကြီးများအနေဖြင့် ရာသီဥတုကြောင့် ရေချိုထောက်ပံ့နိုင်မှု လျော့နည်းလာခြင်းကို တုံ့ပြန်ဆောင်ရွက်ခြင်း၊ အများပိုင်မြေများ၊ ယာမြေများတွင် သစ်တောသစ်ပင်များ စိုက်ပျိုးခြင်း၊ ရာသီဥတု ဒဏ်ခံနိုင်ရည်ရှိသော သီးနှံများနှင့် တိရစ္ဆာန် မွေးမြူးရေးစနစ်များ စတင်တည်ထောင်ပေးခြင်းနှင့် ရာသီဥတု အန္တရာယ်ဆိုင်ရာ သတင်းအချက်အလက် ဖြန့်ဝေမှု ပိုမိုကောင်းလာစေရန် ဆောင်ရွက်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖေါ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။