30
Nov

“အပူပိုင်းဒေသသစ်တောစိုက်ခင်း တည်ထောင်ထိန်းသိမ်းခြင်းဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်း သင်တန်း” ဖွင့်လှစ်ခြင်း

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနသည် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA)နှင့် ပူးပေါင်း၍ “မြန်မာနိုင်ငံ အပူပိုင်းဒေသတွင် ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ရင်ဆိုင်တုံ့ပြန်နိုင်ရေးအတွက် စွမ်းဆောင်ရည် မြှင့်တင်ခြင်း လုပ်ငန်း စီမံကိန်း (Project for Capacity Building for Forest Management to Address Climate Change  in Central Dry Zone of Myanmar)” စီမံကိန်းကို မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရှိ မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ (၂)နှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ စီမံကိန်း၏ လုပ်ငန်းရပ်တစ်ခုအဖြစ် အပူပိုင်းဒေသ သစ်တောစိုက်ခင်း တည်ထောင် ထိန်းသိမ်းခြင်းဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်း သင်တန်း” ကို (၁၅-၁၁-၂၀၁၅) ရက်နေ့မှ (၂၄-၁၁-၂၀၁၅) ရက်နေ့အထိ (၁၀)ရက်ကြာ ဖွင့်လှစ်ပို့ချ ခဲ့ပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲအား ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့ နံနက်ပိုင်းတွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညောင်ဦးခရိုင်၊ လက်ထောက် ညွှန်ကြားရေးမှူး ရုံးဝင်း၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ သင်တန်းအဖွင့် မိန့်ခွန်း ပြောကြားကာ သင်တန်းကို တက်ရောက် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။

သင်တန်းသို့ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးမှ တောအုပ် (၆)ဦး၊ မကွေးတိုင်းဒေသကြီးမှ တောအုပ် (၈) ဦး၊  မန္တလေးတိုင်းဒေသကြီးမှ တောအုပ် (၆) ဦး၊ စုစုပေါင်း တောအုပ်(၂၀)ဦး တက်ရောက်ပြီး (၁၅-၁၁-၂၀၁၅) ရက်နေ့မှ (၂၄-၁၁-၂၀၁၅) ရက်နေ့အထိ အပူပိုင်းဒေသသစ်တော ပြုစုထိန်းသိမ်းခြင်းဆိုင်ရာ ခေတ်မီနည်းစနစ်များကို အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနနှင့် KOICA မှ ကျွမ်းကျင်ပညာရှင်များမှ စာတွေ့လက်တွေ့ ပို့ချခဲ့ကြောင်း သိရှိရပါသည်။ လက်တွေ့ ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် လေ့လာရေး ခရီးစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ နိုင်ငံတကာအဖွဲ့အစည်းများ (JICA,KOICA) ဖြင့် ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်း Sites များ၊ မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်၊ ရွှေပုံတောင် အထူးစိမ်းလန်းစိုပြည်ရေးလုပ်ငန်း၊ ပခုက္ကူမြို့နယ်၊ တန့်ကြည်တောင် အထူးစိမ်းလန်း စိုပြည်ရေးလုပ်ငန်းနှင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင် အမျိုးသားဥယျာဉ် (Mount Popa National Park) သို့သွားရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။