ရေရရှိရေးအကောင်အထည်ဖော် ဆောင်ရွက်ခြင်း

  • Home
  • /
  • ရေရရှိရေးအကောင်အထည်ဖော် ဆောင်ရွက်ခြင်း

ရေဝေရေလဲစိုက်ခင်း

ရေဝေရေလဲစိုက်ခင်းများမှာ စိမ်းလန်းစိုပြည်ရန်၊ မြေဆီလွှာတိုက်စားမှုကာကွယ်ရန်၊ မြစ် ချောင်း၊ တာတမံနှင့် ဆည်များတွင် ရေကောင်းရေသန့်များ အစဉ်အမြဲ လုံလောက်စွာရရှိစေရန်နှင့် ရာသီ ဥတု ကောင်းမွန်မျှတစေရန်တို့အတွက် ရည်ရွယ်၍ စိုက်ပျိုးသော သစ်တောစိုက်ခင်းများ ဖြစ်ပါသည်။ ရေဝေရေလဲစိုက်ခင်း တည်ထောင်ရာတွင် ယူကလစ်၊ ရှား၊ ကန္တာစိမ်း၊ ကုက္ကို(မြန်မာ)၊ မန်ကျည်း၊ တမာ၊ ထနောင်း၊ မယ်ဇလီ၊ ယင်းမာ၊ ဖျောက်ဆိပ် သစ်မျိုးများကို အဓိကထားရွေးချယ်၍ ပန္နက်အကွာအဝေး (၁၅’ x ၁၅’)၊ ကျင်းအရွယ်အစား (၆’x ၁.၅’x  ၁’)၊ ချက်ကျင်း(၁’ x ၁’ x ၁’) ဖြင့် တစ်ဧက စိုက်ပင် (၂၀၀) နှုန်း စိုက်ပျိုးပါသည်။ ၁၉၉၇-၁၉၉၈ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ (၁၁၇,၄၅၂) ဧက စိုက်ပျိုး တည်ထောင်ခဲ့ပြီး ဖြစ်ပါသည်။

ရေဝေရေလဲစိုက်ခင်းများကို (၂၀၁၈ ခုနှစ် – မိုးရာသီ) ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ စံနှုန်း အသစ်အရ ဝက်ခေါင်းထိုးစနစ် အသုံးပြုပြီး ပန္နက်အကွာအဝေး (၁၂’x ၉’)၊ ကျင်းအရွယ်အစား (၄’x ၁.၅’ x ၁.၅’)၊ ချက်ကျင်း (၁’x ၁’x ၁’) ဖြင့် တစ်ဧကစိုက်ပင် (၄၀၃) နှုန်းဖြင့် စိုက်ပျိုးဆောင်ရွက်လျက် ရှိပါသည်။ Myanmar Reforestation and Rehabilitation Programme-MRRP အရ(၂၀၁၇-၂၀၁၈ မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် အထိ) စီမံကိန်းကာလအတွင်း ရေဝေရေလဲစိုက်ခင်းဧက စုစုပေါင်း (၁၀,၇၀၀) အား စိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Dryzone