03
Mar

အလယ်ပိုင်းဒေသ အပူပိုင်းသစ်တောကြိုးဝိုင်းများ၏ ဂေဟစနစ်ဝန်ဆောင်မှုများနှင့် ဒေသတွင်းကုန်ထုတ် လုပ်မှုများ မြှင့်တင်ရေးစီမံကိန်း”၏စီမံကိန်းစတင်ခြင်းဆိုင်ရာ ရှင်းလင်းပွဲကျင်းပခြင်း

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)တို့ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် “အလယ်ပိုင်းဒေသ အပူပိုင်းသစ်တောကြိုးဝိုင်းများ၏ ဂေဟစနစ် ဝန် ဆောင်မှုများနှင့် ဒေသတွင်း ကုန်ထုတ်လုပ်မှုများ မြှင့်တင်ရေးစီမံကိန်း”၏ စီမံကိန်းစတင်ခြင်းဆိုင်ရာ ရှင်းလင်းပွဲကို ၃-၃-၂၀၁၉ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မိတ္ထီလာမြို့၊ Hotel Htila Lake View ၌ ကျင်းပပြုလုပ်ခဲ့ပြီး ရှင်းလင်းပွဲသို့ မလှိုင်နှင့် ဝမ်းတွင်းမြို့နယ်တို့မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စီမံကိန်းကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ စီမံကိန်း ဝန်ထမ်းများ စုစုပေါင်း (၄၃) ဦး တက်ရောက်ခဲ့ပြီး နေ့လည်ပိုင်းတွင် စီမံကိန်းဧရိယာသို့ ကွင်းဆင်းလေ့လာ ကြည့်ရှုခဲ့ကြပါသည်။

စီမံကိန်းစတင်ခြင်းဆိုင်ရာ ရှင်းလင်းပွဲတွင် စီမံကိန်းဒါရိုက်တာ၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ဝင်း-၉ က စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်အား ရှင်း လင်းပြောကြားခဲ့ပြီး၊ ကျွမ်းကျင်ပညာရှင်အဖွဲ့ခေါင်းဆောင် Mr. Yasu Hiromi၊ စီမံကိန်းမန်နေဂျာ၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးနှင့် ကျွမ်းကျင်ပညာရှင်များအဖွဲ့မှ ဒေါက်တာမြင့်ဝေ တို့က စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ၊ နှစ်အလိုက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ရရှိလာမည့် အကျိုးရလဒ်များ အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။

အဆိုပါစီမံကိန်းကို မိတ္ထီလာခရိုင်၊ မယ်ညိုတောင်ကြိုးဝိုင်းနှင့် အနီးပတ်ဝန်းကျင်ရှိ မလှိုင်မြို့နယ်နှင့် ဝမ်းတွင်းမြို့ နယ်တို့မှ ကျေးရွာပေါင်း(၂၄) ရွာတွင် Global Environment Facility-GEF ၏ထောက်ပံ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၄.၇၉) သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။