05
Jun

ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC) တို့၏အစီအစဉ်ဖြင့် တောင်အာရှနှင့် အရှေ့တောင်အာရှ ဖွံ့ဖြိုးဆဲနိုင်ငံများ/ မြန်မာနိုင်ငံတွင် စွမ်းအားမြှင့် မီးဖိုဖြန့်ဝေရေး စီမံကိန်း စတင်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခြင်း

ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC) ၏ အစီအစဉ်ဖြင့် တောင်အာရှနှင့် အ​ရှေ့တောင်အာရှ ဖွံ့ဖြိုးဆဲနိုင်ငံများ/ မြန်မာနိုင်ငံတွင် စွမ်းအားမြှင့် မီးဖိုဖြန့်ဝေရေး စီမံကိန်း “The Project of CCC Program of Activities for Distribution of Improved Cook Stoves in Developing South and Southeast Asian Countries (Myanmar)” စတင်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၀:၀၀)တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ မန္တလေးမြို့၊ စန္ဒကူးခန်းမတွင် ကျင်းပ ပြုလုပ်ပါသည်။

အခမ်းအနားသို့  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးအုန်းဝင်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဝန်ကြီးဌာန လက်အောက်ရှိ  ဦးစီးဌာနများနှင့် လုပ်ငန်းဌာနများမှ ကိုယ်စားလှယ်များ၊ ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC)မှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ စုစုပေါင်းအင်အား(၁၀၄)ဦးခန့် တက်ရောက်ကြောင်းနှင့် အခမ်းအနားတွင် သယံဇာတနှင့်  သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊    ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်တို့မှ ဂုဏ်ပြုအမှာစကား ပြောကြားပြီး CCC Secretary General Ms.So-hee Kim ၊Investor ကုမ္ပဏီများကိုယ်စား ကိုယ်စားလှယ်(၁)ဦးတို့မှ ကျေးဇူးတင်စကား အသီးသီး ပြောကြားခဲ့ကြကြောင်းနှင့် Ms.hHanna Kim, Manager, Climate Change Center, Republic of Korea မှ စီမံကိန်းအကြောင်း (Power Point) ဖြင့် ရှင်းလင်း တင်ပြခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ စီမံကိန်းကို  မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသရှိ တိုင်းဒေသကြီး(၃)ခု (စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီး) တို့တွင် ၂၀၁၈ ခုနှစ် မှ ၂၀၂၃ ခုနှစ်အထိ (၆) နှစ်ကြာ အကောင် အထည်ဖေါ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး(၁)ခုလျှင် စီမံကိန်း လုပ်ငန်းခွဲ Component Project Activities (CPAs) (၂)ခုစီ ဖြင့် စုစုပေါင်း တိုင်းဒေသကြီး(၃)ခု၌ CPA (၆)ခု ဆောင်ရွက်ရန် စီစဉ်ထားရှိပြီး စီမံကိန်း လုပ်ငန်းခွဲ တစ်ခုလျှင် ခန့်မှန်း အမေရိကန်ဒေါ်လာ ၁.၂ သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ စီမံကိန်းလုပ်ငန်းခွဲ CPA အသီးသီးတွင် ပထမနှစ်၌ စွမ်းအားမြှင့်မီးဖို (၁၈,၀၀၀)လုံးကို အိမ်ထောင်စု (၁၈,၀၀၀) သို့ဖြန့်ဝေပြီး၊ ဒုတိယနှစ် တွင်လည်း မီးဖို (၁၈,၀၀၀) လုံးအား အခြားအိမ်ထောင်စု (၁၈,၀၀၀)သို့ ဖြန့်ဝေ သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

CPA (၁) ခု၊ ၁နှစ်လျှင် စွမ်းအားမြှင့်မီးဖို (၁၈,၀၀၀) နှုန်းဖြင့် CPA(၆) ခု အတွက် စွမ်းအားမြှင့်မီးဖို (၁၀၈,၀၀၀) ဖြန့််ဝေသွားမည်ဖြစ်ပြီး (၅)နှစ်ဆက်တိုက် စွမ်းအားမြှင့်မီးဖိုပေါင်း (၅၄၀,၀၀၀) ဖြန့်ဝေ သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

ထင်းလောင်စာ သုံးစွဲမှုလျှော့ချနိုင်ခြင်းနှင့် သဘာဝတောကျန်များ ထိန်းသိမ်းရေးကို အထောက်အကူ ပြုစေနိုင်ရန်၊ နိုင်ငံအနေဖြင့် UN-CDM Project တစ်ခုကို UNFCCC နှင့် ချိတ်ဆက်၍ ပထမဦးဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ ဒေသခံလူထု၏ လူမှုစီးပွားရေးကို အထောက်အကူဖြစ်စေနိုင်ရန် ရည်ရွယ်၍  စွမ်းအားမြှင့် မီးဖို ဖြန့်ဝေရေး စီမံကိန်း စတင်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရ ပါသည်။