18
Sep

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန တည်ထောင်ခြင်း နှစ်(၂၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်ခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၏ ဦးစီးဌာနတည်ထောင်ခြင်း နှစ်(၂၀)ပြည့် အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၇ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့၌ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ စန္ဒကူးခန်းမ၊ မန္တလေးမြို့တွင် ကျင်းပခဲ့ပါသည်။

အထိမ်းအမှတ်အခမ်းအနားကို နံနက်(၀၉၀၀)နာရီတွင် စတင်ခဲ့ပြီး  အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ နှစ်(၂၀)ပြည့် ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားသို့ ဌာန လက်အောက်ခံတိုင်းဒေသကြီးများရှိ အရာထမ်း၊ အမှုထမ်း၊ ရုံးဝန်ထမ်းများနှင့် ထူးချွန်ဆုရရှိသူများ စုစုပေါင်း(၁၅၁)ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

နှစ်(၂၀)ပြည့်အထိမ်းအမှတ်အခမ်းအနားတွင် နှစ်(၂၀)ပြည့် အထိမ်းအမှတ် မှတ်တမ်း(၁၉၉၇-၂၀၁၇)စာအုပ်နှင့် အမှတ်တရလက်ဆောင်များပေးအပ်ခြင်း၊ စ.ထ.ထ.ရ လုပ်ငန်းကြီး(၄)ရပ်နှင့် ရုံးလုပ်ငန်းများအပေါ် ထူးချွန်စွာဆောင်ရွက်ခဲ့သူများကို ဂုဏ်ပြုချီးမြှင့်ခြင်း အစီအစဉ်များ ပါဝင် ကြောင်း သတင်းရရှိပါသည်။

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန တည်ထောင်ပြီးနှစ်(၂၀)ကာလအတွင်း ဦးစီးဌာန အနေဖြင့် ကြမ်းတမ်းသည့် ရေမြေရာသီဥတုအောက်တွင် ဘဏ္ဍာရေးကန့်သတ်ချက်၊ လူ့စွမ်းအားအရင်း အမြစ်ကန့်သတ်ချက်များဖြင့် လုပ်ငန်းများကိုအကောင်းဆုံး ကြိုးစားအကောင်အထည်ဖော်ဆောင်ရွက် ခဲ့ပြီး အားရကျေနပ်ဖွယ် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိကြောင်း တွေ့ရှိရပါသည်။ အပူပိုင်း ဒေသ၏ ရေမြေတောတောင်သဘာဝအခြေအနေအား စိမ်းလန်းမှုရရှိရေးအတွက် လက်ရှိအခြေအနေ အတိုင်း တည်ရှိမြင်တွေ့နေရခြင်းသည် ဦးစီးဌာန၏ စွမ်းဆောင်မှုသက်သေအဖြစ် တည်ရှိနေကြောင်းနှင့် နှစ်(၂၀)ပြည့်အခါသမယနှင့် တိုက်ဆိုင်စွာပင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ရေဝေရေလဲဒေသများကိုပါ ပိုမို ကျယ်ပြန့်စွာ ကာကွယ်ထိန်းသိမ်းနိုင်ရန် ရည်ရွယ်လျက် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအား ရေဝေရေလဲနှင့် မြေယာထိန်းသိမ်းရေးဦးစီးဌာန အဖြစ်သို့ ‌ပြောင်းလဲတိုးမြှင့်ဖွဲ့စည်းပြီး လက်ရှိဌာန၏ တာဝန်များအပြင် ရေဝေရေလဲဒေသထိန်းသိမ်းခြင်းလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာအထိ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။