29
Nov

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ တောအုပ်ကြီး(သန္ဓေ)များ သစ်တောသယံဇာတကာကွယ်ထိန်းသိမ်းရေးနှင့် တိုးချဲ့ပညာပေးရေးဆိုင်ရာ လက်တွေ့လုပ်ငန်းဆောင်ရွက်မှုများအပေါ် စိစစ်သုံးသပ်ခြင်းသင်တန်း အမှတ်စဉ်(၁)

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေးလုပ်ငန်းစဉ်ကြီး (၄)ရပ်ဖြစ်သည့် စ.ထ.ထ.ရ လုပ်ငန်းများကို ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရေး အစီအစဉ်အဖြစ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနရှိ တောအုပ်ကြီး(သန္ဓေ)များအတွက် သစ်တောသယံဇာတကာကွယ်ထိန်းသိမ်းရေးနှင့် တိုးချဲ့ပညာပေးရေးဆိုင်ရာ လက်တွေ့လုပ်ငန်း ဆောင်ရွက်မှုများအပေါ် စိစစ်သုံးသပ်ခြင်းသင်တန်း အမှတ်စဉ်(၁)အား ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအား ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့ နံနက် (၀၉း၀၀)နာရီတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ အစည်းအဝေး ခန်းမ၌ကျင်းပရာ ညွှန်ကြားရေးမှူးချုပ်မှ သင်တန်း အဖွင့်မိန့်ခွန်း ပြောကြားကာ သင်တန်းကို တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါသည်။

သင်တန်းတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနရှိ တောအုပ်ကြီး(သန္ဓေ)များ အနက် စစ်ကိုင်းတိုင်းဒေသကြီးမှ သင်တန်းသား (၇)ဦး၊ မကွေးတိုင်းဒေသကြီးမှ သင်တန်းသား (၈)ဦးနှင့် မန္တလေးတိုင်းဒေသကြီးမှ သင်တန်းသား (၅)ဦး၊ စုစုပေါင်း(၂၀)ဦး တက်ရောက်ပါသည်။ သင်တန်းကာလမှာ (၂၈-၁၁-၂၀၁၇) ရက်နေ့မှ (၁-၁၂-၂၀၁၇) ရက်နေ့အထိ (၄)ရက်ကြာမြင့်မည် ဖြစ်ပြီး သင်တန်းကာလတွင်  သင်တန်းသားများမှ လက်တွေ့လုပ်ငန်းဆောင်ရွက်မှုအပေါ် Power Point ဖြင့် ရှင်းလင်းတင်ပြခြင်း၊ ဦးစီးရုံးချုပ်ရှိ အရာထမ်းများမှ ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ သစ်တောစိုက်လုပ်ငန်းစဉ်များနှင့် သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း လက်တွေ့ လုပ်ငန်းဆောင်ရွက်မှုအပေါ်  အားနည်းချက် အားသာချက်များ၊ လိုက်နာဆောင်ရွက်ရန် အချက်များ အား ဆွေးနွေးခြင်း၊ တိုးချဲ့ပညာပေးခြင်း သဘောတရားနှင့် လူထုဆက်သွယ်နည်းပညာ၊ ပြည်သူ့ဆက်ဆံရေးဘာသာရပ်များအား ဆွေးနွေးသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။