04
Sep

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ တောအုပ်ကြီးများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၄) ဖွင့်လှစ်ခြင်း

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး လုပ်ငန်းစဉ်ကြီး (၄)ရပ်ဖြစ်သည့် စ.ထ.ထ.ရ လုပ်ငန်းများကို ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်သွားရေး အစီအစဉ်အဖြစ် ၂၀၁၇ ခုနှစ်၊ တောအုပ်ကြီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၄)အား ဖွင့်လှစ်ခဲ့ပါသည်။ ၎င်းသင်တန်းဖွင့်ပွဲအား ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၄)ရက်နေ့ နံနက် (၀၈း၃၀)နာရီတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပရာညွှန်ကြားရေးမှူးချုပ်မှ သင်တန်း အဖွင့်မိန့်ခွန်း ပြောကြားကာ သင်တန်းကို တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါသည်။

သင်တန်းတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနရှိ တောအုပ်ကြီးများအနက် စစ်ကိုင်းတိုင်းဒေသကြီးမှ တောအုပ်ကြီးသင်တန်းသား (၇)ဦး၊ မကွေးတိုင်းဒေသကြီးမှ တောအုပ်ကြီးသင်တန်းသား(၈)ဦးနှင့် မန္တလေးတိုင်း ဒေသကြီးမှ တောအုပ်ကြီးသင်တန်းသား(၈)ဦး၊ စုစုပေါင်း(၂၃)ဦး တက်ရောက်ပါသည်။ သင်တန်းကာလမှာ (၄-၉-၂၀၁၇) ရက်နေ့မှ (၈-၉-၂၀၁၇) ရက်နေ့အထိ (၅)ရက်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းတွင် နိုင်ငံဝန်ထမ်းဥပဒေနှင့် နည်းဥပဒေ၊ ဖွဲ့စည်းပုံနှင့် တောအုပ်ကြီးများ၏တာဝန်ဝတ္တရားများ၊ ဘဏ္ဍာရေးစည်းမျဉ်းနှင့် ငွေစာရင်း ထိန်းသိမ်းခြင်း၊ e-Government လုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် ရုံးလုပ်ငန်းသုံး Software အသုံးပြုခြင်း၊ သစ်တောစိုက်ခင်းလုပ်ငန်း၊ သဘာဝတောကျန်များထိန်းသိမ်း ကာကွယ်ခြင်း လုပ်ငန်း၊ ထင်းအစားအခြားလောင်စာနှင့် ရေရရှိရေးလုပ်ငန်း ဘာသာရပ်များအား ဆွေးနွေး သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။