26
Jun

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ တောအုပ်များ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၅) ဖွင့်လှစ်ခြင်း

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းအပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး လုပ်ငန်းစဉ်ကြီး (၄)ရပ်ဖြစ်သည့် စ.ထ.ထ.ရ လုပ်ငန်းများကို ထိရောက်အောင် မြင်စွာဆောင်ရွက်နိုင်ရေးအတွက် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်သွားရေးအစီအစဉ်အဖြစ် တောအုပ်များ စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၅)အား ဖွင့်လှစ်ခဲ့ပါသည်။ ၎င်းသင်တန်းဖွင့်ပွဲအား ၂၀၁၇ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ အစည်းအဝေး ခန်းမ၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ကျွမ်းကျင်သူ(ဒုတိယညွှန်ကြားရေးမှူးချုပ်-ငြိမ်း) မှ သင်တန်းအဖွင့်မိန့်ခွန်း ပြောကြားကာ သင်တန်းကို တက်ရောက် ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါသင်တန်းသို့ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနရှိ တောအုပ်ဝန်ထမ်းများအနက် စစ်ကိုင်းတိုင်းဒေသကြီးမှ တောအုပ်သင်တန်းသား (၁၀)ဦး၊ မကွေးတိုင်းဒေသကြီးမှ တောအုပ်သင်တန်းသား(၁၁) ဦး၊ မန္တလေးတိုင်းဒေသကြီးမှ တောအုပ်သင်တန်းသား(၉) ဦး၊ စုစုပေါင်း(၃၀)ဦး တက်ရောက်ပြီး (၂၆-၆-၂၀၁၇) ရက်နေ့မှ (၃-၇-၂၀၁၇) ရက်နေ့အထိ (၈)ရက်ကြာ သင်တန်းပို့ချသွားမည် ဖြစ်ပါသည်။ သင်တန်းကာလအတွင်း လက်တွေ့ကွင်းဆင်း ဆောင်ရွက်ခြင်းနှင့် လေ့လာရေးခရီးစဉ်အဖြစ် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်နှင့် မိတ္ထီလာခရိုင်အတွင်းရှိ ပျိုးဥယျာဉ်လုပ်ငန်းများ၊ စိုက်ခင်းလုပ်ငန်းများ၊ အထူးစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းများ၊ စွမ်းအားမြှင့်အေဝမ်းမီးဖိုထုတ်လုပ်ခြင်း လုပ်ငန်းများ၊ လောင်စာတောင့်စက်ရုံနှင့် မိုးရေစုကန်တည်ဆောက်ခြင်း လုပ်ငန်းများသို့ သွားရောက် လေ့လာမည်ဖြစ်ပါသည်။