24
Aug

“မြန်မာနိုင်ငံ အပူပိုင်းဒေသတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာဖူလုံရေး အပေါ် ထိခိုက်နိုင်မှုများကို ဖြေရှင်းနိုင်ရေးလုပ်ငန်းစီမံကိန်း” ဒုတိယအကြိမ် စီမံကိန်းကြီးကြပ်မှု ကော်မတီ အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးခြင်း

မြန်မာနိုင်ငံအလယ်ပိုင်းအပူပိုင်းဒေသတွင် Global Environment Facility (GEF) -Adaptation Fund ၏ ရန်ပုံငွေဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် UNDP တို့ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် “မြန်မာနိုင်ငံအပူပိုင်းဒေသတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာဖူလုံရေးအပေါ် ထိခိုက်နိုင်မှုများကို ဖြေရှင်းနိုင်ရေး လုပ်ငန်းစီမံကိန်း”(Addressing Climate Change Risks on Water Resources and Food Security in the Dry Zone of Myanmar) ၏ ဒုတိယအကြိမ် စီမံကိန်းကြီးကြပ်မှုကော်မတီအစည်းအဝေး (2nd Project Steering Committee Meeting) ကို ၂၀၁၆ ခုနှစ် ဩဂုတ်လ (၂၄) ရက်နေ့တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် စီမံကိန်းကြီးကြပ်မှုကော်မတီ၏ ပူးတွဲဥက္ကဌများဖြစ်ကြသော အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင် နှင့် UNDP မှ Country Director, Mr. Peter Batchelor ကိုယ်စား Deputy  Resident Representative, Ms. Thuy Hang Thi To တို့မှ အဖွင့်အမှာစကားပြောကြားပြီးနောက် တက်ရောက်လာကြသော သက်ဆိုင်ရာဌာနများမှ ကော်မတီအဖွဲ့ဝင်များက စီမံကိန်းလုပ်ငန်းဆောင်ရွက်မည့် Annual Work Plan၊ Budget Plan၊ စီမံကိန်း​လုပ်ငန်းများ အကောင်အထည်​​ဖော်ဆောင်ရွက်မည့် အစီအစဉ်နှင့် Monitoring and Evaluation ကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးခြင်း၊ ဆုံးဖြတ်ချက်များ အတည်ပြုချမှတ်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

စီမံကိန်းကို ရာသီဥတုပြောင်းလဲမှုကြောင့် ခံစားနေရသော အခက်အခဲများကို ကူညီဖြေရှင်းနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရှိ စစ်ကိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ မြို့နယ် (၅) မြို့နယ် (မုံရွာ၊ ရွှေဘို၊ ချောက်၊ မြင်းခြံနှင့် ညောင်ဦးမြို့နယ်)ရှိ ကျေးရွာ (၂၈၀) တွင် ဆောင်ရွက်ခြင်းဖြစ်ပြီး  စီမံကိန်း၏အဓိကလုပ်ငန်းကြီး (၃) ရပ် အနေဖြင့် ရာသီဥတုကြောင့် ရေချိုထောက်ပံ့နိုင်မှုလျော့နည်းလာခြင်းကို တုံ့ပြန်ဆောင်ရွက်ခြင်း၊ ရာသီဥတု ဒဏ်ခံနိုင်ရည်ရှိသော သီးနှံများနှင့် တိရစ္ဆာန်မွေးမြူးရေး စနစ်များ စတင်တည်ထောင် ပေးခြင်းနှင့် ရာသီဥတု အန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်ဖြန့်ဝေမှု ပိုမိုကောင်းလာစေရန် ဆောင်ရွက်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖေါ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။