18
Jun

မြန်မာနိုင်ငံအပူပိုင်းဒေသတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ရေအရင်းအမြစ်နှင့်စားနပ်ရိက္ခာဖူလုံမှု တို့အပေါ် ထိခိုက်နိုင်ခြေများအား စီမံဖြေရှင်းရေးစီမံကိန်း”၏ စီမံကိန်းကြီးကြပ်မှုကော်မတီ နဝမအကြိမ် အစည်းအဝေးကျင်းပခြင်း

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)  တို့ပူးပေါင်း၍ Adaptation Fund-AF ၏ ထောက်ပံ့ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်“မြန်မာနိုင်ငံ အပူပိုင်းဒေသတွင် ရာသီဥတု ပြောင်းလဲမှုကြောင့် ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာ ဖူလုံမှုတို့အပေါ် ထိခိုက်နိုင်ခြေများအား စီမံဖြေရှင်းရေး စီမံကိန်း” စီမံကိန်းကြီးကြပ်မှု ကော်မတီ၏ နဝမအကြိမ် အစည်းအဝေးကို ၁၈-၆-၂၀၁၉ ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ အချိန်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး စန္ဒကူးခန်းမ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်က တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် အဆိုပါ စီမံကိန်းမှ စီမံကိန်းကာလဖြစ်သည့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများ၏အကျိုးသက်ရောက်မှု၊ ကြုံတွေ့ခဲ့ရသည့် အခက်အခဲများအပေါ် ဖြေရှင်းဆောင်ရွက်ခဲ့မှုနှင့် စီမံကိန်းမှ ရရှိခဲ့သည့် အတွေ့အကြုံ၊ အသိအမြင်များအား လာမည့်လုပ်ငန်း စီမံကိန်းများတွင် ပြန်လည်ထည့်သွင်း အသုံးချနိုင်မည့် အခြေအနေများ၊ စီမံကိန်းကာလပြီးဆုံးပါက စီမံကိန်းလုပ်ငန်းသုံး ပစ္စည်းများအား ဆက်စပ်ဌာနများ အလိုက် လွှဲပြောင်းပေးအပ်မည့် ကိစ္စရပ်များအား ဆွေးနွေးညှိနှိုင်း အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။