09
May

ကမ္ဘာကြီး ပူနွေးလာမှု လျှော့ချရေး အမျိုးသမီးထုအားလုံး ပံ့ပိုးကူညီပေးရန်လို

နေပြည်တော်၊ မေ၊ ၉

မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းအဖွဲ့ ခေါင်းဆောင်နှင့် လုပ်ငန်းအဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်လယ်ဝေးမြို့နယ်၊ ရှမ်းစုကျေးရွာ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒေါ်ဆွေဆွေချစ်က အမျိုးသမီးရေးရာအဖွဲ့ချုပ် အနေဖြင့် ကမ္ဘာ့ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသည့် ကမ္ဘာကြီး ပူနွေး လာမှု အကြောင်းရင်းများကို ကျေးရွာအမျိုးသမီး အဖွဲ့ဝင်များအား သိစေလို၍လည်းကောင်း၊ တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီရန် အတွက်လည်းကောင်း ရည်ရွယ်ပြီး ယနေ့ဆွေးနွေးပွဲကို ကျင်းပရ ခြင်း ဖြစ်ကြောင်းနှင့် ကျေးရွာအမျိုးသမီးရေးရာ အဖွဲ့ဝင်များကလည်း တတ်နိုင်သလောက် ပါဝင် ကူညီပေးကြစေလိုကြောင်း နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဆက်လက်၍ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သူက သစ်တောပြုန်းတီးခြင်းကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များ ပိုမိုထုတ်လွှတ် လာ၍ ကမ္ဘာကြီး ပူနွေးလာပြီး ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများ ဖြစ်ပေါ်နေကြောင်း၊ ထိုဖြစ်စဉ် များ လျော့ပါးရေးအတွက် သစ်တောပြုန်းတီးမှု လျှော့ချရေး အထောက်အကူပြု စွမ်းအားမြှင့် မီးဖိုများ၊ ထင်းအစားအခြားလောင်စာများနှင့် စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများ တွင်တွင်ကျယ်ကျယ် သုံးစွဲရေးကိစ္စများကို ဆွေးနွေးတင်ပြပြီး တက်ရောက်လာသည့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များက ဝိုင်းဝန်း ဆွေးနွေးကြသည်။

ထို့နောက် လုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒေါ်ဆွေဆွေချစ်က ရှမ်းစုကျေးရွာ အိမ်ထောင်စုများသို့ စွမ်းအားမြှင့်အေဝမ်းမီးဖိုများအား အခမဲ့ ဖြန့်ဝေပေးကြောင်း သတင်း ရရှိရသည်။ (သတင်းစဉ်)