23
Apr

အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန၊ တောအုပ်ကြီးများ လုပ်ငန်းခွင်ဝင်သင်တန်းအမှတ်စဉ်(၂) ဖွင့်လှစ်ခြင်း

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး လုပ်ငန်းစဉ်ကြီး (၄)ရပ်ဖြစ်သည့် စ.ထ.ထ.ရ လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်သွားရေး အစီအစဉ်အဖြစ် တောအုပ်ကြီးများ လုပ်ငန်းခွင်ဝင် သင်တန်းအမှတ်စဉ်(၂)အား ဖွင့်လှစ်ခဲ့ကြောင်းသိရှိရသည်။ ၎င်းသင်တန်းဖွင့်ပွဲအား ၂၀၁၈ ခုနှစ်၊ ဧပြီလ (၂၃)ရက်နေ့တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ်မှ  သင်တန်းအဖွင့် မိန့်ခွန်း ပြောကြားကာ သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါသင်တန်းတွင် (၁-၄-၂၀၁၈)ရက်နေ့မှ စတင်ခန့်အပ်လိုက်သော တောအုပ်ကြီး သင်တန်းသား(၁၅)ဦးတက်ရောက်ပြီး (၂၃-၄-၂၀၁၇) ရက်နေ့မှ (၁၁-၅-၂၀၁၇) ရက်နေ့အထိ (၁၉)ရက်ကြာ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ သင်တန်းကာလအတွင်း လက်တွေ့ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် လေ့လာရေးခရီးစဉ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပျိုးဥယျာဉ်လုပ်ငန်းများ၊ စိုက်ခင်းလုပ်ငန်းများ၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းများ၊ ထင်းအစား အခြားလောင်စာ တိုးမြှင့်သုံးစွဲရေး လုပ်ငန်းများ၊ ရေရရှိရေး လုပ်ငန်းများ၊ အထူးစိမ်းလန်းစိုပြည်ရေး လုပ်ငန်းများ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် စီမံကိန်း လုပ်ငန်းများနှင့် Royal Tree ကုမ္ပဏီမှ မြေတိုင်းတာခြင်း လုပ်ငန်းလက်တွေ့ဆောင်ရွက်မှု များကို (၂၈-၄-၂၀၁၈) ရက်နေ့မှ (၄-၅-၂၀၁၈) ရက်နေ့ထိ သွားရောက်လေ့လာမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။