16
Feb

သဲကန္တာရတိုက်ဖျက်ရေးနှင့် အပူပိုင်းဒေသ သစ်တောများ ပြန်လည် ပြုစုပျိုးထောင်ရေးဆိုင်ရာ ကိုရီးယား-မြန်မာ ပူးပေါင်းသုတေသန စာတမ်းဖတ်ပွဲ (The 2016 Korea-Myanmar Joint Seminar on Combating desertification and Arid/Semi-arid Land Landscape Restoration) ကျင်းပ

သဲကန္တာရတိုက်ဖျက်ရေးနှင့် အပူပိုင်းဒေသသစ်တောများ ပြန်လည်ပြုစု ပျိုးထောင်ရေးဆိုင်ရာ ကိုရီးယား-မြန်မာ ပူးပေါင်းသုတေသန စာတမ်းဖတ်ပွဲ (The 2016 Korea-Myanmar Joint Seminar on Combating desertification and Arid/Semi-arid Land Landscape Restoration) ကို အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့ နံနက် (၉း၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ သုတေသနစာတမ်းဖတ်ပွဲကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ အမျိုးသားသစ်တောသိပ္ပံဌာန National Institute of Forest Science (NIFoS) တို့ ပူးပေါင်းဆောင်ရွက် ကျင်းပခဲ့ခြင်းဖြစ်ပြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ညွှန်ကြားရေးမှူး(စီမံကိန်း) ဦးဘကောင်းနှင့် (NIFoS)မှ Dr. Lim, Joo-Hoon တို့က အဖွင့်အမှာစကားများ ပြောကြားကာ စာတမ်းဖတ်ပွဲ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။

စာတမ်းဖတ်ပွဲအခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနမှ အရာရှိများ၊ Korea Forest Service (KFS)၊ ကိုရီးယားနိုင်ငံ အမျိုးသားသစ်တောသိပ္ပံဌာန National Institute of Forest Science (NIFoS) တို့မှ အရာထမ်းများနှင့် သုတေသနပညာရှင်(၃)ဦး၊ အပူပိုင်းဒေသတွင် သစ်တောစိုက်ခင်း တည်ထောင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေသော ပုဂ္ဂလိကကုမ္ပဏီမှ ကိုယ်စားလှယ်များ၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် (NIFoS) တို့မှ စာတမ်းရှင်များ စုစုပေါင်း(၂၀) ဦး တက်ရောက်ခဲ့ကြပါသည်။

ကိုရီးယား-မြန်မာ ပူးပေါင်းစာတမ်းဖတ်ပွဲသည် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA) တို့ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် “သစ်တောစီမံ အုပ်ချုပ်မှုဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွင် ရာသီဥတု ပြောင်းလဲမှုကို ရင်ဆိုင်တုံ့ပြန်နိုင်ရေး လုပ်ငန်းစီမံကိန်း” “Project for Capacity Building for Forest Management to Address Climate Change in Central Dry Zone of Myanmar”၏ Arid Land Joint Research ဆိုင်ရာ အစိတ်အပိုင်း တစ်ရပ်ဖြစ်ပြီး စာတမ်းဖတ်ပွဲတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ အမျိုးသား သစ်တောသိပ္ပံဌာန National Institute of Forest Science (NIFoS) မှ သုတေသန ပညာရှင်များက မြန်မာနိုင်ငံ၏ လက်ရှိ သစ်တောပြန်လည်ပြုစု ပျိုးထောင်ခြင်းနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများ၊ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းကြောင့် ဒေသတွင်း ရာသီဥတုအပေါ် အကျိုးကျေးဇူး သက်ရောက်မှုများ၊ စိုက်ခင်းများ၏ မြေဂုဏ်သတ္တိများ၊ biomass ထွက်ရှိမှုအပေါ် အကျိုးသက်ရောက်မှုများဆိုင်ရာ စာတမ်း(၆)စောင် ဖတ်ကြားကြပြီး တက်ရောက် လာသူများမှ သုတေသန စာတမ်းတွေ့ရှိချက်များနှင့် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသ သစ်တောပြန်လည် ပြုစုပျိုးထောင်ရေးဆိုင်ရာ အနာဂတ်အစီအမံများအပေါ် ဝိုင်းဝန်း ဆွေးနွေးကြကြောင်း သတင်းရရှိပါသည်။