31
Mar

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန ၂၀၁၇-၂၀၁၈ ဘဏ္ဍာနစ်၊ ထင်းအစား အခြားလောင်စာသုံး ထူးချွန်စံပြကျေးရွာ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခြင်းသတင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၊ ထင်းအစား အခြားလောင်စာသုံး၊ ထူးချွန်စံပြကျေးရွာ ဆုချီးမြှင့်ပွဲနှင့် ပညာပေးပြခန်း ပြကွက်များ ခင်းကျင်းပြသခြင်း အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့၊ မြို့တော်ခန်းမတွင် ၂၀၁၈ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့၌ ကျင်းပပြုလုပ်ပါသည်။

ထင်းအစား အခြားလောင်စာသုံး ထူးချွန်စံပြကျေးရွာ ဆုချီးမြှင့်ပွဲအခမ်းအနားကို (၃၁-၃-၂၀၁၈)ရက်နေ့ နံနက်(၀၉:၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ တက်ရောက်ကာ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ လုပ်ငန်းဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ဒေသခံ NGOs/CSOsများ၊ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသရှိ လောင်စာတောင့်နှင့် စွမ်းအားမြှင့် မီးဖိုလုပ်ငန်းရှင်များ၊ ထင်းအစား အခြားလောင်စာသုံး ထူးချွန်စံပြကျေးရွာဆု ရရှိသည့် စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းဒေသကြီးအသီးသီး၏ ကျေးရွာ(၃)ရွာမှ ဒေသခံပြည်သူများ၊ သတင်းမီဒီယာများမှ ကိုယ်စားလှယ်များ စုစုပေါင်း(၂၅၀)ဦးခန့် တက်ရောက်ကြပါသည်။

ဆုချီးမြှင့်ပွဲအခမ်းအနားတွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ထင်းအစား အခြားလောင်စာသုံး ထူးချွန်စံပြကျေးရွာဆု ရရှိကြသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ ဇီးပေါက်ကျေးရွာ၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကန်ရပ်ကြီးကျေးရွာနှင့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ဇီးပင်တွင်းကျေးရွာ ပြည်သူများသို့ ဂုဏ်ပြုမှတ်တမ်း၊ ဂုဏ်ပြုလက်ဆောင် စတီးထမင်းပေါင်းအိမ်များနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားဖွံ့ဖြိုးမှုနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်မှ ထောက်ပံ့သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးမှု အထောက်အကူပြု စွမ်းအားမြှင့်မီးဖိုများကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့မှ ချီးမြှင့်ပေးအပ်ကြပါသည်။

အခမ်းအနားတွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း(စ)၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း(ထ)၊ ထင်းအစား အခြားလောင်စာတိုးမြှင့် အသုံးချရေး ဆောင်ရွက်ခြင်း(ထ)၊ ရေရရှိရေး အကောင်အထည်ဖော် ဆောင်ရွက်ခြင်း(ရ) လုပ်ငန်းများနှင့် ဆက်စပ်၍ နိုင်ငံအဝန်းတွင် အသုံးပြုလျက်ရှိသော စွမ်းအားမြှင့်မီးဖိုအမျိုးမျိုးနှင့် ထင်းအစား အခြားလောင်စာအမျိုးမျိုး ထုတ်လုပ်ပုံ၊ အသုံးပြုပုံနှင့် အကျိုးကျေးဇူးရှိပုံတို့ကို သက်ဆိုင်ရာ ထုတ်လုပ်သူလုပ်ငန်းရှင်များ၊ NGOs/CSOsများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ပညာပေးပြခန်းများ ခင်းကျင်းပြသခဲ့ကြောင်း သိရှိရပါသည်။

ယခုကျင်းပသည့် ရေရှည်ပူးပေါင်းပါဝင်မှုကောင်းမွန်သော ထင်းအစား အခြားလောင်စာသုံး ထူးချွန်စံပြကျေးရွာများအား ရွေးချယ်ဆုချီးမြှင့်ပေးခြင်းဖြင့် မြန်မာနိုင်ငံအပူပိုင်းဒေသ၏ ထင်းအစား အခြားလောင်စာ တိုးမြှင့်သုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွင် ဒေသခံလူထုမှ ပိုမိုတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံအလယ်ပိုင်း၊ အပူပိုင်းဒေသအတွင်း စွမ်းအားမြှင့်မီးဖိုများနှင့် ထင်းအစားအခြား လောင်စာတိုးမြှင့်သုံးစွဲခြင်းဖြင့် သဘာဝတောများအပေါ် မှီခိုမှုလျော့နည်းစေကာ ဒေသအတွင်း သစ်တောဂေဟစနစ်များ   ပိုမိုကောင်းမွန်လာပြီး  ဂေဟစနစ် ဝန်ဆောင်မှုများကိုလည်း ပိုမိုတိုးတက်ကောင်းမွန်လာစေမည်ဖြစ်ကြောင်း၊ ထိုမှတဆင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားရေး ပိုမိုတိုးတက်ကောင်းမွန်လာစေခြင်း စသည့်အကျိုးရလဒ်များ ရရှိနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

                                                                                                                                                                                                                                                                                အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန