10
Dec

မြန်မာနိုင်ငံ အပူပိုင်းဒေသတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာဖူလုံရေး အပေါ် ထိခိုက်နိုင်မှုများကို ဖြေရှင်းနိုင်ရေးလုပ်ငန်းစီမံကိန်း” ပထမအကြိမ် စီမံကိန်းကြီးကြပ်မှု ကော်မတီ အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးခြင်း

မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသတွင် Global Environment Facility (GEF) မှ Adaptation Fund ၏ ရန်ပုံငွေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနနှင့် UNDP တို့ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် “မြန်မာနိုင်ငံအပူပိုင်းဒေသတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာဖူလုံရေးအပေါ် ထိခိုက်နိုင်မှုများကို ဖြေရှင်းနိုင်ရေး လုပ်ငန်းစီမံကိန်း”(Addressing Climate Change Risks on Water Resources and Food Security in the Dry Zone of Myanmar) ၏ ပထမအကြိမ် စီမံကိန်းကြီးကြပ်မှုကော်မတီအစည်းအဝေး (1st Project Steering Committee Meeting) ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ (၉) ရက်နေ့တွင် နေပြည်တော်ရှိ ရုံးအမှတ် (၃၉) သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် စီမံကိန်း ကြီးကြပ်မှု ကော်မတီ၏ ပူးတွဲဥက္ကဌများဖြစ်ကြသော ဦးအေးမြင့်မောင်၊ ဒုတိယဝန်ကြီး (သစ်တော) နှင့် UNDP မှ Country Director, Mr. Toily Kurbanov တို့မှ အဖွင့်အမှာစကားပြောကြားပြီးနောက် တက်ရောက်လာကြသော သက်ဆိုင်ရာဌာနများမှ ကော်မတီ အဖွဲ့ဝင်များက စီမံကိန်းလုပ်ငန်းဆောင်ရွက်မည့် Annual Work Plan၊ Budget Plan နှင့် Monitoring and Evaluation ကိစ္စရပ်များအား ဆွေးနွေးခြင်း၊ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ ဆွေးနွေးမှုရလာဒ်များသည် ရာသီဥတုပြောင်းလဲမှုကြောင့် ခံစားနေရသော အခက်အခဲများကို ကူညီဖြေရှင်းနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရှိ စစ်ကိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ မြို့နယ် (၅) မြို့နယ် (မုံရွာ၊ ရွှေဘို၊ ချောက်၊ မြင်းခြံနှင့် ညောင်ဦးမြို့နယ်)ရှိ ကျေးရွာ (၂၈၀) တွင် မြေပြင် စီမံကိန်းလုပ်ငန်းကြီး (၃) ရပ် ဖြစ်သော ရာသီဥတုကြောင့် ရေချိုထောက်ပံ့နိုင်မှုလျော့နည်းလာခြင်းကို တုံ့ပြန်ဆောင်ရွက်ခြင်း၊ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော သီးနှံများနှင့် တိရစ္ဆာန်မွေးမြူးရေး စနစ်များ စတင်တည်ထောင်ပေးခြင်း နှင့် ရာသီဥတု အန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်ဖြန့်ဝေမှု ပိုမိုကောင်းလာစေရန် ဆောင်ရွက်ခြင်း လုပ်ငန်းများကို အချိန်နှင့်တပြေးညီ အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရေးအတွက် များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။