17
Feb

မြန်မာနိုင်ငံ အပူပိုင်းဒေသ ရေအရင်းအမြစ်နှင့် အစားအစာဖူလုံမှု တို့အပေါ် ရာသီဥတု ပြောင်းလဲခြင်းကြောင့် ဆုံးရှုံးနိုင်ခြေများအား ကိုင်တွယ်ဖြေရှင်းခြင်း လုပ်ငန်းစီမံကိန်းစတင်ခြင်း အခမ်းအနား ကျင်းပခြင်း

မြန်မာနိုင်ငံ အပူပိုင်းဒေသ ရေအရင်းအမြစ်နှင့် အစားအစာဖူလုံမှု တို့အပေါ် ရာသီဥတု ပြောင်းလဲခြင်းကြောင့် ဆုံးရှုံးနိုင်ခြေများအား ကိုင်တွယ်ဖြေရှင်းခြင်း လုပ်ငန်းစီမံကိန်း စတင်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခြင်း

၂၀၁၅ ခုနှစ်ဖေဖော်ဝါရီလ (၁၇) ရက်

“မြန်မာနိုင်ငံ အပူပိုင်းဒေသ ရေအရင်းအမြစ်နှင့် အစားအစာဖူလုံမှု တို့အပေါ် ရာသီဥတု ပြောင်းလဲခြင်းကြောင့် ဆုံးရှုံးနိုင်ခြေများအား ကိုင်တွယ်ဖြေရှင်းခြင်း လုပ်ငန်းစီမံကိန်း -Project for Addressing Climate Change Risk on Water Resources and Food Security in the Dry Zone of Myanmar” စတင်ခြင်း အခမ်းအနားကို ယနေ့ နေ့လည် (၂:၃၀) နာရီတွင် မန္တလေးမြို့ ဆီဒိုးနားဟော်တည်၌ကျင်းပပြုလုပ်ပါသည်။ အခမ်းအနားသို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊ မန္တလေးတိုင်းဒေသကြီး အစိုးအရအဖွဲ့ ဝန်ကြီးချုပ် ဦးရဲမြင့်၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP အာရှနှင့် ပစိဖိတ်ဒေသတွဲဖက်တာဝန်ခံ Mr. Nicholas Rosellini တို့တက်ရောက်ကာ အဖွင့်အမှာစကားအသီးသီးပြောကြားခဲ့ကြပြီး ၊ မန္တလေးတိုင်း ဒေသကြီး အစိုးရ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၊ မကွေးတိုင်းဒေသကြီးအစိုးရ၊ UNDPဆက်စပ်အစိုးရဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များနှင့် Media အဖွဲ့အသီးသီးတို့မှ ကိုယ်စားလှယ်များ၊ စုစုပေါင်း အင်အား (၁၅၀) ခန့် တက်ရောက်ကြောင်း သိရှိရပါသည်။ ဖော်ပြပါလုပ်ငန်းစီမံကိန်းကို Global Environment Facility (GEF)၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်(UNDP) နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရတို့၏ ထည့်ဝင်ငွေစုစုပေါင်း အမေရိကန်ဒေါ်လာ (၈.၄၆)သန်းဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသရှိ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်နှင့် မုံရွာမြို့နယ်၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်နှင့် ညောင်ဦးမြို့နယ် စုစုပေါင်း (၅) မြို့နယ် တွင် (၄) နှစ်ကြာအကောင်အထည်ဖေါ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ စီမံကိန်း၏ အဓိက ရည်ရွယ်ချက်မှာ အပူပိုင်းဒေသရှိ တောင်သူ လယ်သမားများ၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်အကျိုးဆက်များ လျော့ပါးစေရေးနှင့် အနာဂါတ်တွင် ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်များ နှင့်လိုက်လျောညီထွေစွာ စိုက်ပျိုးမွေးမြူနိုင်စေရေးအတွက် စွမ်းဆောင်ရည် မြင့်မားလာစေရေးတို့ ဖြစ်ပြီး၊ စီမံကိန်း၏ အဓိက လုပ်ငန်းများအဖြစ် ရေကောင်ရေသန့်ရရှိရေး လုပ်ငန်းများ၊ ပြောင်းလဲလာသည့် ရာသီဥတုနှင့် လိုက်ဖက်ညီသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ လူထု အခြေပြု ရာသီဥတု ဘေးအန္တရာယ် ကြိုတင်သတိပေးစနစ်များ ပါဝင်မည်ဖြစ်ကာ၊ အပူပိုင်းဇုန်မြို့နယ် (၅) မြို့ရှိ၊ ကျေးရွာပေါင်း(၂၈၀)ရွာ၊ အိမ်ထောင်စု ပေါင်း(၅၀၆၃၉)မှ စီမံကိန်းအကျိုးရလဒ်များကိုရရှိ ခံစားကြရမည်ဖြစ်ကြောင်းသိရှိရပါသည်။