
မကွေးတိုင်းဒေသကြီးတွင် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပ
၂၀၂၅ ခုနှစ်၊ ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့်မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သစ်ပင် စိုက်ပျိုးပွဲတော်အခမ်းအနားကို ၂၀၂၅ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၊ အထူးစိမ်းလန်းစိုပြည်ရေးစီမံကိန်း (Greening Complex Zone) ဧရိယာအတွင်း၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ဦးဆောင် ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တက္ကသိုလ်/ကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှဝန်ထမ်းများနှင့် တာဝန်ရှိသူများ စုစုပေါင်း(၆၇၅)ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားကို အစီအစဉ်(၁၁)ရပ်ဖြင့် ကျင်းပရာ ပထမဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား မြွက်ကြားပါသည်။ ထို့နောက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး နှင့် သယံဇာတရေးရာဝန်ကြီး တို့က စိုက်ပျိုးမည့် ပျိုးပင်များ ပေးအပ်၍ အထိမ်းအမှတ်သစ်ပင်များ စိုက်ပျိုးပေးပါသည်။ ဆက်လက်၍ သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားသို့ တက်ရောက်လာသူများက သစ်မျိုး(၄)မျိုး၊ ပျိုးပင်ပေါင်း (၆၇၅)ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးပေးကြပါသည်။ ထို့နောက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားသို့ တက်ရောက် လာသူများက ပျိုးပင်များစိုက်ပျိုးနေမှုနှင့် ပိုစတာများ ခင်ကျင်းပြသထားရှိမှုတို့အား လှည့်လှည်ကြည့်ရှု အားပေးပါသည်။