အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးငြိမ်းသတ်ရေးနှင့်စပ်လျဉ်းသည့် အသိပညာပေးဟောပြောပွဲနှင့်သရုပ်ပြပွဲကျင်းပပြုလုပ်
ပူပြင်းခြောက်သွေ့သောနွေရာသီသို့ရောက်ရှိလာပြီဖြစ်ပါ၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေး၊ မီးငြိမ်းသတ်ရေးနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတတိုးပွားစေရန် နှင့် အရေးပေါ်အခြေအနေ များရင်ဆိုင်ကြုံတွေ့လာသည့်အခါ မှန်ကန်စွာတုံ့ပြန်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲ နှင့် လက်တွေ့သရုပ်ပြပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ နံနက် (၀၉:၃၀) မိနစ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ပုသိမ်ကြီးမြို့၊ စန္ဒကူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးမင်းသန့် မှ မီးဘေးလုံခြုံရေးနှင် စပ်လျဉ်းသည့် အသိပညာဗဟုသုတများကို Power Point ဖြင့် ရှင်းလင်းတင်ပြခြင်း၊ မန္တလေးမြို့တွင်းဖြစ်ပွားခဲ့သော မီးလောင်မှုဖြစ်စဉ်များကို Video မှတ်တမ်းများပြသ၍ သင်ခန်းစာဖော် ထုတ်ရှင်းလင်းဆွေးနွေးခြင်း၊ လက်တွေ့သရုပ်ဖော်မီးငြိမ်းသတ်ခြင်း နှင့် ဝန်ထမ်းများအား လက်တွေ့ သရုပ်ဖော်မီးငြိမ်းသတ်ခြင်းရာတွင် ပူးပေါင်းဆောင်ရွက်စေခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ နံနက် ၁၁:၀၀ နာရီ အချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲနှင့် သရုပ်ပြပွဲသို့ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ် ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘကောင်း နှင့် ဌာနခွဲအသီးသီးမှညွှန်ကြားရေးမှူး များ၊ အရာထမ်း၊ အမှုထမ်းများနှင့်ဝန်ထမ်းများ တတ်ရောက်ခဲ့ပါသည်။










