03
Mar

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ထင်းအစားအခြားလောင်စာသုံး ထူးချွန်စံပြကျေးရွာ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနမှ “ထင်းအစားအခြားလောင်စာသုံး ထူးချွန်စံပြကျေးရွာ ဆုချီးမြှင့်ပွဲ အခမ်းအနား”ကို ၂၀၁၇ ခုနှစ်၊ မတ်လ (၂)ရက်နေ့တွင် ပခုက္ကူမြို့၊ ပြည်သာယာခန်းမ၌ ကျင်းပ ပြုလုပ်ကြောင်း သတင်းရရှိပါသည်။

ထင်းအစားအခြားလောင်စာသုံး ထူးချွန်စံပြကျေးရွာ ဆုချီးမြှင့်ပွဲ အခမ်းအနားကို (၂-၃-၂၀၁၇)ရက်နေ့ (၀၉:၀၀)နာရီတွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအုန်းဝင်း၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒေါက်တာအောင်မိုးညိုတို့ တက်ရောက်ကာ အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ကြပြီး အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအား ဝန်ကြီးဌာနဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ လုပ်ငန်းဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ဒေသခံ NGO/CSO များ၊ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသရှိ လောင်စာတောင့်နှင့် စွမ်းအားမြှင့်မီးဖိုလုပ်ငန်းရှင်များ၊ ထင်းအစားအခြား လောင်စာသုံး ထူးချွန်စံပြကျေးရွာဆုနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း ထူးချွန်ဆု ရရှိသည့် စစ်ကိုင်း၊ မကွေး၊ မန္တလေး တိုင်းဒေသကြီး အသီးသီးရှိ ကျေးရွာ(၆)ရွာမှ ဒေသခံပြည်သူ များ၊ သတင်းမီဒီယာမှ ကိုယ်စားလှယ်များ၊ စုစုပေါင်း (၃၀၀)ဦးခန့် တက်ရောက်ကြပါသည်။

ဆုချီးမြှင့်ပွဲအခမ်းအနားတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ထင်းအစား အခြားလောင်စာသုံး ထူးချွန်စံပြကျေးရွာဆုရရှိကြသည့် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ထန်းတိုရွာ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ မြင်းခြံဘွားရွာနှင့် မန္တလေးတိုင်း ဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ သူဌေးကုန်းရွာ ပြည်သူများနှင့် သစ်တောဦးစီးဌာန၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်း အောင်မြင်စွာတည်ထောင်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ကနီမြို့နယ်၊ ဇီးပင်တွင်းကျေးရွာ၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ တဲကြီးကျေးရွာ၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ ချောက်ကန်ကျေးရွာ ပြည်သူများသို့ ဂုဏ်ပြုမှတ်တမ်း၊ ဂုဏ်ပြုဆုချီးမြှင့်ငွေနှင့်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရာသီဥတု ပြောင်းလဲရေး၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး၊ ပြုပြင်ပြောင်းလဲရေးကော်မရှင်မှ လှူဒါန်းသည့် အိမ်သုံးဆိုလာမီးအိမ်နှင့် စွမ်းအားမြှင့်မီးဖိုများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များမှ ချီးမြှင့်ပေးအပ်ခဲ့ပြီး ဆုရကျေးရွာများကိုယ်စား ရေစကြိုမြို့နယ်၊ ထန်တိုကျေးရွာအုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော သစ်တောစိုက်ခင်းများတည်ထောင်ခြင်း(စ)၊ သဘာဝတောကျန်များထိန်းသိမ်းကာကွယ်ခြင်း(ထ)၊ ထင်းအစားအခြားလောင်စာတိုးမြှင့်အသုံးချရေးဆောင်ရွက်ခြင်း(ထ)၊ ရေရရှိရေးအကောင်အထည် ဖော်ဆောင်ရွက်ခြင်း(ရ)လုပ်ငန်းများနှင့် ဆက်စပ်၍ နိုင်ငံအဝန်းတွင် အသုံးပြုလျက်ရှိသော စွမ်းအားမြှင့်မီးဖိုအမျိုးမျိုးနှင့် ထင်းအစားအခြားလောင်စာအမျိုးမျိုး ထုတ်လုပ်ပုံ၊ အသုံးပြုပုံနှင့် အကျိုးကျေးဇူးရှိပုံတို့ကို သက်ဆိုင်ရာ ထုတ်လုပ်သူ လုပ်ငန်းရှင်များ၊ NGO/CSO များ၊ ဌာန ဆိုင်ရာများနှင့် ပူးပေါင်း၍ ခင်းကျင်းပြသထားသောပညာပေးပြခန်းအတွင်းရှိ ပြကွက်များအား လှည့်လည် ကြည့်ရှုခဲ့ကြသည်။

ယခုကျင်းပသည့် ထူးချွန်စံပြကျေးရွာ ဆုချီးမြှင့်ခြင်းနှင့် ပညာပေးပြခန်းကျင်းပပြုလုပ် ခြင်းဖြင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှပါ ထင်းအစားအခြားလောင်စာတိုးမြှင့်သုံးစွဲရေး ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများတည်ထောင်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အခန်းကဏ္ဍတွင် ပိုမိုတက်ကြွစွာ ပူးပေါင်းပါဝင်လာကြစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသအတွင်း စွမ်းအားမြှင့်မီးဖိုများနှင့် ထင်းအစားအခြား လောင်စာ တိုးမြှင့်သုံးစွဲခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း ဖြင့် သဘာဝတောများအပေါ် မှီခိုမှုလျော့နည်းစေကာ ဒေသတွင်း သစ်တောဂေဟစနစ်များ ပိုမိုကောင်းမွန်လာပြီး ဂေဟစနစ်ဝန်ဆောင်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာစေမည်ဖြစ်ကြောင်း၊ ထိုမှတဆင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားရေး ပိုမိုတိုးတက်ကောင်းမွန်လာစေခြင်း စသည့် အကျိုးရလဒ်များ ထွက်ပေါ်ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်