13
Feb

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ထင်းအစားအခြားလောင်စာ တိုးမြှင့်သုံးစွဲခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ တိုးချဲ့ပညာပေးခြင်း သင်တန်း အမှတ်စဉ်(၁) ဖွင့်လှစ်ခြင်း

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး လုပ်ငန်းစဉ်ကြီး (၄)ရပ်ဖြစ်သည့် စ.ထ.ထ.ရ လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး၊ ဦးစီးဌာန လုပ်ငန်းစဉ်ကြီး(၄)ရပ်အနက် ထင်းအစား အခြားလောင်စာတိုးမြှင့်သုံးစွဲခြင်း လုပ်ငန်းစဉ်အား အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ထင်းအစားအခြား လောင်စာ တိုးမြှင့်သုံးစွဲခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ တိုးချဲ့ပညာပေးခြင်းသင်တန်း အမှတ်စဉ်(၁)အား ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ သင်တန်းဖွင့်ပွဲအား ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ်မှ သင်တန်း အဖွင့်မိန့်ခွန်း ပြောကြားကာ သင်တန်းကို တက်ရောက် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါသင်တန်းတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးရုံးချုပ်မှ တောအုပ်ကြီး သင်တန်းသား(၅)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ တောအုပ်ကြီး သင်တန်းသား (၆)ဦး၊ မကွေးတိုင်းဒေသကြီးမှ တောအုပ်ကြီး သင်တန်းသား(၁၄)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ တောအုပ်ကြီး သင်တန်းသား(၅)ဦး၊ စုစုပေါင်း(၃၀)ဦး တက်ရောက်ပြီး (၁၃-၂-၂၀၁၇) ရက်နေ့မှ (၁၇-၂-၂၀၁၇) ရက်နေ့အထိ (၅)ရက်ကြာ သင်တန်းပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။