22
Nov

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ တောအုပ်များ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၄) ဖွင့်လှစ်ခြင်း

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေး လုပ်ငန်းစဉ်ကြီး (၄)ရပ်ဖြစ်သည့် စ.ထ.ထ.ရ လုပ်ငန်းများကို ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်သွားရေး အစီအစဉ်အဖြစ် တောအုပ်များ စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၄)အား ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။ ၎င်းသင်တန်းဖွင့်ပွဲအား ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ(၂၁)ရက်နေ့တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ဦးစီး ရုံးချုပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ကိုယ်စား ညွှန်ကြားရေးမှူး (အင်ဂျင်နီယာ)မှ သင်တန်းအဖွင့်မိန့်ခွန်း ပြောကြားကာ သင်တန်းကို တက်ရောက် ဖွင့်လှစ်ခဲ့ ကြောင်း သိရှိရပါသည်။

အဆိုပါသင်တန်းတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနရှိ တောအုပ်ဝန်ထမ်း များအနက် စစ်ကိုင်းတိုင်းဒေသကြီးမှ တောအုပ်သင်တန်းသား (၈)ဦး၊ မကွေးတိုင်းဒေသကြီးမှ တောအုပ်သင်တန်းသား(၁၄) ဦး၊ မန္တလေးတိုင်းဒေသကြီးမှ တောအုပ်သင်တန်းသား(၈) ဦး၊ စုစုပေါင်း(၃၀)ဦး တက်ရောက်ပြီး (၂၁-၁၁-၂၀၁၆) ရက်နေ့မှ (၂၈-၁၁-၂၀၁၆) ရက်နေ့အထိ (၈)ရက်ကြာ သင်တန်းပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ လက်တွေ့ကွင်းဆင်း ဆောင်ရွက်ခြင်းနှင့် လေ့လာရေးခရီးစဉ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး၊ ဗောဓိတစ်ထောင်ရှိ ပျိုးဥယျာဉ်၊ စိုက်ခင်းလုပ်ငန်းများ၊ အထူးစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများနှင့် သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းများသို့ သွားရောက် လေ့လာမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။