18
Feb

မြန်မာနိုင်ငံ အပူပိုင်းဒေသတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာ ဖူလုံမှုတို့အပေါ် ထိခိုက်နိုင်ခြေများအား စီမံဖြေရှင်းရေး စီမံကိန်း၏ နည်းပညာအကြံပေးအဖွဲ့ ပထမအကြိမ် အစည်းအဝေး ကျင်းပပြီးစီးခြင်း

မြန်မာနိုင်ငံ အပူပိုင်းဒေသတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာ ဖူလုံမှုတို့အပေါ် ထိခိုက်နိုင်ခြေများအား စီမံဖြေရှင်းရေး စီမံကိန်း (Addressing Climate Change Risks on Water Resources and Food Security in the Dry Zone of Myanmar) နည်းပညာအကြံပေးအဖွဲ့ ပထမအကြိမ် အစည်းအဝေး(1st Technical Advisory Group Meeting) ကျင်းပပြီးစီးခြင်း

၂၀၁၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၈) ရက်

Global Environment Facility (GEF) Adaptation Fund ၏ အဓိကရန်ပုံငွေ ထောက်ပံ့မှုဖြင့် UNDP နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော “မြန်မာနိုင်ငံ အပူပိုင်းဒေသ တွင် ရာသီဥတုပြောင်းလဲမှုကြောင့် ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာ ဖူလုံမှုတို့အပေါ် ထိခိုက်နိုင်ခြေ များအား စီမံဖြေရှင်းရေး” စီမံကိန်း၏ နည်းပညာအကြံပေးအဖွဲ့ ပထမအကြိမ် အစည်းအဝေးကို (၁၈-၂-၂၀၁၆)ရက်နေ့ နံနက် (၉:၀၀) နာရီတွင် မန္တလေးမြို့၊ ရွှေရဲမွန်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နည်းဗျူဟာများ၊ နည်းပညာရပ်ဆိုင်ရာ လိုအပ်ချက်များနှင့်ပတ်သက်၍ စီမံကိန်းအဖွဲ့ဝင်များအား အကြံဉာဏ်များ ကူညီပံ့ပိုးပေးရန် ရည်ရွယ်၍ အစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ အစည်းအဝေးကို အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ညွှန်ကြားရေးမှူး (စီမံကိန်း) ဦးဘကောင်းနှင့် UNDP Project Team မှ Technical Specialist Mr. Karma Lodey Rapten တို့က အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပါသည်။

စီမံကိန်းနည်းပညာအကြံပေးအဖွဲ့ ပထမအကြိမ် အစည်းအဝေးသို့ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် လုပ်ငန်းဆက်စပ်ဌာနများဖြစ်သော သစ်တောဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ရေအရင်း အမြစ်အသုံးချရေးဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် UNOPS တို့မှ နည်းပညာအကြံပေးအဖွဲ့ဝင်များ၊ UNDP Project Team အဖွဲ့ဝင်များ၊ Project Consultant နှင့် Specialist များ၊ ဖိတ်ကြားထားသူများ စုစုပေါင်း (၃၂) ဦး တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် Project Team အဖွဲ့ဝင်များဖြစ်သည့် စီမံကိန်းမန်နေဂျာ၊ Technical Consultant နှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော၊ ရေနှင့် မြေဆီလွှာထိန်းသိမ်းရေး Specialist များမှ ကဏ္ဍအလိုက်ဆောင်ရွက်မည့် အစီအစဉ်နှင့် နည်းလမ်းများကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသည့် နည်းပညာအကြံပေးအဖွဲ့ဝင်များနှင့် ဧည့်သည်တော်များမှ ဝိုင်းဝန်းဆွေးနွေး အကြံပြုကြပြီး အစည်းအဝေးကို ညနေ (၄:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။