26
Feb

မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွင် ထင်းအစားအခြားလောင်စာတိုးမြှင့်သုံးစွဲခြင်းဖြင့် ရေရှည်တည်တံ့သော သစ်တောစီမံ အုပ်ချုပ်ခြင်းကို အထောက်အကူပြုစေခြင်းဆိုင်ရာ ကနဦးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွင် ထင်းအစားအခြားလောင်စာတိုးမြှင့် သုံးစွဲခြင်းဖြင့် ရေရှည်တည်တံ့သော သစ်တောစီမံအုပ်ချုပ်ခြင်းကို အထောက်အကူပြုစေခြင်းဆိုင်ရာ ကနဦးအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့၌ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ဦးစီး ရုံးချုပ်၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီး ၃ ခုမှ ဒေသခံ လုပ်ငန်းရှင်များ၊ ပြည်တွင်း ပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လေ့လာသူများ၊ စုစုပေါင်း ၁၀၂ ဦး တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ အရာထမ်း ၂ ဦးနှင့် သစ်တောသုတေသနဌာနမှ အရာထမ်း ၁ ဦး တို့က စာတမ်း ၃ စောင် ဖတ်ကြားတင်ပြ ဆွေးနွေးခြင်းနှင့် ဆွေးနွေးပွဲ တက်ရောက်လာကြ သူများအား အုပ်စု ၃ စုဖွဲ့၍ အဖွဲ့လိုက် ရလဒ်များ ဆွေးနွေးဖော်ထုတ်ချမှတ်ခြင်းများ ဆောင်ရွက် ခဲ့ကြပါသည်။မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသအတွင်း၌ ရေ၊ မြေ၊ သဘာဝ ပတ်ဝန်းကျင်နှင့် ရာသီဥတု တိုးတက် ကောင်းမွန်လာစေရေးနှင့် ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှု လျော့ချရေး လုပ်ငန်းများအား အမှန်တကယ်အထောက်အကူပြုစေမည့် ထင်းအစားအခြားလောင်စာ တိုးမြှင့် အသုံးချရေးလုပ်ငန်းများကို ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် နည်းလမ်းများရှာဖွေရန်၊ ထင်း အစားအခြားလောင်စာ တိုးမြှင့်သုံးစွဲခြင်းဖြင့် သဘာဝသစ်တောများအပေါ် မှီခိုမှုလျော့နည်းလာ စေရန်၊ ထင်းအစားထိုးလောင်စာဖြစ်သည့် လောင်စာတောင့်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာများ အပြန်အလှန် ဆွေးနွေးဖလှယ်နိုင်ရန်၊ စွမ်းအားမြှင့်မီးဖိုများ ထုတ်လုပ်မှုနည်းစနစ် မှန်ကန်စေရန်နှင့် စျေးကွက် ကျယ်ပြန့်လာစေရန်နှင့် ထင်းအစားအခြားလောင်စာ တိုးမြှင့်သုံးစွဲနိုင်စေရေးအတွက် ဌာနက ပံ့ပိုးဆောင်ရွက်ပေးရမည့် အချက်အလက်များအား သိရှိနိုင်ရန် ရည်ရွယ်၍ အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန အနေဖြင့် အလုပ်ရုံ ဆွေးနွေးပွဲမှ ရရှိလာသည့် ဆွေးနွေးချက်ရလဒ်များအနက် ဌာနက ဆောင်ရွက်ပေးရမည့် အချက် များကို မှတ်သား ဆောင်ရွက်သွားမည် ဖြစ်သကဲ့သို့ လုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများမှ ဆောင်ရွက်ပေးရန် အချက်များအား လိုက်နာဆောင်ရွက်သွားစေရေးကိုလည်း စည်းရုံး ဆောင်ရွက် သွားမည် ဖြစ်ကြောင်းနှင့် အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များ ပြည့်မြောက်အောင်မြင်စေ၍ အပူပိုင်းဒေသ သစ်တောများအပေါ် ထင်းသုံးစွဲမှုဖိအား လျော့နည်းလာကာ စိမ်းလန်းစိုပြည်လာ စေရေးကို အလေးထား ဆောင်ရွက်သွားဖြစ်ကြောင်း သိရှိရပါသည်။