18
Jul

စစ်ကိုင်းတိုင်းဒေသကြီးတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ထင်းလောင်စာသုံးစွဲမှုလျော့ချရေးနှင့် ထင်းအစားထိုးလောင်စာများတိုးမြှင့်သုံးစွဲရေးပြပွဲကျင်းပ

ထင်းလောင်စာသုံးစွဲမှုလျော့ချရေးနှင့် ထင်းအစားထိုးလောင်စာတိုးမြှင့်သုံးစွဲရေးပြပွဲကို ၂၅-၃-၂၀၁၄ ရက်နေ့မှ ၂၆-၃-၂၀၁၄ ရက်နေ့အထိအပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးဝင်းအတွင်းကျင်းပပြုလုပ်ခဲ့သည်။စွမ်းအားမြှင့်မီးဖိုများနှင့် လောင်စာတောင့် အမျိုးမျိုးပြုလုပ်ပုံအဆင့်ဆင့်၊ ထင်းလောင်စာအစားသုံးစွဲနိုင်မည့်လောင်စာတောင့်နှင့် စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းအမျိုးအစားများ၊ စွမ်းအားမြှင့်မီးဖိုများနှင့် ထင်းအစားထိုးလောင်စာများသုံးစွဲခြင်းဖြင့် ထင်းသုံးစွဲမှုလျော့ချနိုင်သည့် အခြေအနေများ၊ ရရှိမည့် စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကျိုးကျေးဇူးများကိုဒေသခံပြည်သူများနှင့် ထင်းလောင်စာသုံးစွဲသူလုပ်ငန်းရှင်များသိရှိလေ့လာနိုင်စေရန် ရည်ရွယ်၍ အဆိုပါ ပြပွဲအားကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီးပြပွဲမှတစ်ဆင့် ဒေသအတွင်းအသိအမြင်နှင့် ဗဟုသုတများလက်ဆင့်ကမ်းဖြန့်ဝေနိုင်မည် ဖြစ်ကာထင်းအစားထိုးလောင်စာတိုးမြှင့်သုံးစွဲရေးတွင် ဒေသခံပြည်သူများ ကိုယ်တိုင် ပါဝင် ဆောင်ရွက်လာစေနိုင်မည် ဖြစ်ပါသည်။ပြပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးရှေ့နေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ စံပြကျေးရွာကိုယ်စားလှယ်များ၊ အေ၀မ်းမီးဖိုနှင့်လောင်စာတောင့်ထုတ်လုပ်သူလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူစုစုပေါင်း ၄၀၀ ​ကျော်တက်ရောက်လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။ပြပွဲတွင် သစ်တောသုတေသနဌာနထုတ် အေဝမ်းမီးဖို၊ ဒေသထုတ်စွမ်းအားမြှင့်မီးဖိုများ၊ ထင်းတစ်ချောင်းထိုးမီးဖို၊ နေရောင်ခြည်သုံးမီးဖို၊ စိုက်ပျိုးရေးစွန့်ပစ် ပစ္စည်းသုံးခေါင်းတိုင်ပါ ရွှံ့မီးဖို၊ Mercy Corps မီးဖို၊ FREDA မီးဖိုများ၊ လောင်စာတောင့်နှင့် စိုက်စွန့်ပစ္စည်းအမျိုးအစားများအားခင်းကျင်း၍ လည်းကောင်း၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းများအား နံရံကပ်ပိုစတာများဖြင့်လည်းကောင်း အများပြည်သူလေ့လာနိုင်ရန် ခင်းကျင်း ပြသကာ လာရောက်လေ့လာသူများအား လက်ကမ်းစာစောင်နှင့် ဌာနမှတ်စုစာအုပ်များ အမှတ်တရ ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။